အစာအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ
အစာအိမ်ကင်ဆာဟာ ကမ္ဘာပေါ်မှာ ပဥ္စမမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ ၂၀၂၀ တစ်နှစ်တည်းမှာ အစာအိမ်ကင်ဆာ လူနာအသစ် ဆယ်သိန်းကိုးသောင်းခန့် ရှိတယ်လို့ ဆိုပါတယ်။
ပိုးသတ်ဆေးနဲ့ တာရှည်ခံဆေး သုံးထားတဲ့ အသီးအရွက်နဲ့ အစားအစာတွေ၊ Fast-foods လို့ ခေါ်တဲ့ အလွယ်တကူရတဲ့ အစားအစာတွေ၊ ပြန်ကြော်ဆီတွေ သုံးပြီး ပြုလုပ်ထားတဲ့ အစားအစာတွေ၊ Aflatoxin မှိုပါတဲ့ အစားအစာတွေကို နေ့စဥ်စားသုံးနေကြရတဲ့ လူတွေဟာ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေတွေလည်း များနေမှာ အသေအချာပါပဲ။ ကင်ဆာရောဂါဟာ စောစောစီးစီး သိရပြီး အချိန်မီ ကုသမှုခံယူနိုင်ရင် သက်တမ်းစေ့ နေသွားနိုင်မှာမို့ အစာအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေကို သတိထားနိုင်ဖို့ ပြောပြချင်ပါတယ်။
(1) ရင်ပူတာ
အစာအိမ်နဲ့ အူသိမ်ဆက်တဲ့ နေရာနားမှာ ကင်ဆာအကျိတ်ရှိနေရင် အစာတွေနဲ့ အစာခြေအက်ဆစ်ရည်တွေက အစာအိမ်ထဲမှာ စုပုံလာပြီး အစာရေမျိုကို ပြန်ဆန်တက်တဲ့အခါ ရင်ပူတာ ခံစားရတတ်ပါတယ်။ ဒါကြောင့် နာတာရှည် ရင်ပူနေတတ်ပြီး Antacids နဲ့ အစာအိမ်ဆေးတွေ သောက်တာတောင်မှ မသက်သာရင် အစာအိမ်ကင်ဆာကို သံသယရှိသင့်ပါတယ်။
(2) လေပွတာ
အစာအိမ်ကင်ဆာဟာ အစာအိမ်နံရံတွေကို ထူထဲမာကြောစေပြီး အာဟာရတွေကို စုပ်ယူခြေဖျက်နိုင်စွမ်း လျော့ကျလာတဲ့အတွက် အစာမကြေ လေပွလေကယ် ဖြစ်လာတတ်ပါတယ်။
(3) ပျို့အန်တာ
ကင်ဆာအကျိတ်က ပိတ်ဆို့တဲ့အတွက် အစာအိမ်ထဲက အစာ၊ ရေနဲ့ အစာခြေရည်တွေက အူတွေထဲကို ဆက်ဆင်းမသွားနိုင်တဲ့အခါ အစာစားပြီးတိုင်း ပျို့အန်တာမျိုး ဖြစ်တတ်ပါတယ်။
(4) မအီမသာ ဖြစ်နေတာ
ကင်ဆာဆဲလ်တွေက အစာအိမ်ကနေတစ်ဆင့် ဝမ်းဗိုက်အမြှေးပါးနံရံဆီကို ပျံ့နှံ့သွားတဲ့အခါ ဝမ်းဗိုက်မှာ အရည်တွေ စုလာပြီး ဗိုက်ကယ်ကာ မအီမသာဖြစ်တာမျိုး ခံစားနေရတတ်ပါတယ်။
(5) ကိုယ်အလေးချိန် ကျလာတာ
ပျို့အန်ရတာတွေ များလာပြီး အစာကောင်းကောင်း မဝင်တဲ့အခါ ကိုယ်အလေးချိန်လည်း ကျလာတတ်ပါတယ်။
(6) ပြည့်အင့်နေတာ
အစားလေး နည်းနည်းစားလိုက်တာနဲ့ ပြည့်အင့်နေတဲ့ ခံစားချက်မျိုး ဖြစ်နေတတ်ပြီး ပုံမှန်စားနေကျရဲ့ သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံလောက်တောင် မစားနိုင်တော့တာမျိုးဆိုရင် အစာအိမ်ကင်ဆာကို စဥ်းစားရတော့မှာပါ။
(7) နုံးချိနေတာ
ကင်ဆာအကျိတ်ကနေ သွေးစိမ့်ထွက်ရာက သွေးနီဥတွေ ဆုံးရှုံးမှုကြောင့် သွေးအားနည်းပြီး အမြဲတမ်း နုံးချိနေသလိုလို၊ မောပန်းနေသလိုလို ဖြစ်နေတတ်ပါတယ်။
(8) ဝမ်းမည်းမည်းသွားတာ သို့မဟုတ် သွေးအန်တာ
ဝမ်းသွားတဲ့အခါ ကတ္တရာစေးလို မည်းမည်းပျစ်ပျစ်တွေ သွားတာ၊ ကော်ဖီရောင်လို ညိုညစ်ညစ်အရောင်တွေ အန်တာက အဖြစ်နည်းပေမယ့် အစာအိမ်ထဲမှာ သွေးယိုစိမ့်နေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်သူ၊ အဝလွန်သူ၊ အသက်ကြီးသူ၊ ကင်ဆာမျိုးရိုးရှိသူ၊ H -pylori ရောဂါပိုးရှိဖူးသူတွေမှာ အထက်ပါလက္ခဏာတွေ ရှိလာရင် မပေါ့ဆဘဲ အစာအိမ်မှန်ပြောင်းကြည့်ပြီး အစာအိမ်ကင်ဆာ ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ဒါမှသာ အချိန်မီကုသနိုင်ပြီး ကင်ဆာရောဂါကို အနိုင်ယူနိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်